Img 20221218 074247

ကျွန်တော့်နတ်သမီး (အပိုင်း ၁)

6th May 2024 | 64 Views

Disclaimer from Creator: All Rights Reservedဇာတ်လမ်းအကြောင်းအရာများမှာ စိတ်ကူးယဉ်သာဖြစ်၍ စာဖတ်သူနှင့် အကြောင်းတစ်စုံတစ်ရာတိုက်ဆိုင်ခဲ့ပါက တိုက်ဆိုင်မှုသာဖြစ်ပါသည်။

Info: This Creation is monetized via ads and affiliate links. We may earn from promoting certain products in our Creations, or when you engage with various Ad Units.

How was this Creation created: We are a completely AI-free platform, all Creations are checked to make sure content is original, human-written, and plagiarism free.

Toggle

ကျွန်တော့်နတ်သမီး

ဆောင်းလေအေးလေးနှင့် ချမ်းခိုက်သောညတစ်ည။ လပြည့်ည။ ကြယ်တွေလည်းစုံလို့။ တိမ်မျှင်လေးတောင် မမြင်ရအောင် ကောင်းကင်ကလည်း ကြည်လင်နေပါရဲ့။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေကတော့ အိပ်မရညတာရှည်ကြီးတစ်ခုကို ပူပြင်းစွာ ဖြတ်သန်းနေရသည်။ သူနဲ့မတွေ့မမြင်ရဝာာ နှစ်နှစ်ရှိခဲ့ရဲ့သားနဲ့၊ မေ့နိုင်ပါပြီ နေနိုင်ပါပြီလို့ ယောင်ဆောင်ကောင်းခဲ့ရဲ့သားနဲ့။ သူ့မျက်နှာလေးမြင်လိုက်ရတဲ့အခိုက်အတန့် ဒီလောက်စိတ်လှုပ်ရှားသွားရမယ်လို့ မထင်ခဲ့တာ အမှန်ပါ။
ကျွန်တော်ဟာ နေ့တိုင်းရဲ့တစ်ချိန်ချိန်မှာတော့ တိုင်ခြောက်လုံးရှေ့ကို ရောက်အောင်လာပါသည်။ တစ်ရက်ရက်များ သူ ကျွန်တော့်ကိုစောင့်နေလေမလား မျှော်လင့်ချက်လေးနှင့်။ တစ်ခါတစ်ခါဆို ပင်မဆောင်ကြီးကို တစ်ပတ်ပြည့်အောင် လျှောက်ကြည့်သည်။ တစ်ထောင့်တစ်နေရာမှာရှိ‌နေလေမလားဟု။ နှစ်နှစ်လုံးလုံး မတွေ့ခဲ့ပါ။ မနေ့ကတော့ ထိုင်နေကျခုံတန်းလေးမှာ သူ့ကိုတွေ့ခဲ့သည်။ ပထမဆုံး ပြောတဲ့စကားက မတွေ့ရတာ “ဒီနေ့နဲ့ဆို နှစ်နှစ် အတိပဲနော်”တဲ့။ ကျွန်‌တော့်စိတ်ကူးထဲမှ ပုံရိပ်ယောင်လား တကယ်ပဲသူလား ကျွန်တော်တွေဝေနေမိသည်။ ညနေခြောက်နာရီထိုးသံကို ကြားလိုက်ရတော့ “ခုတော့ ပြန်ရတော့မယ်၊ အရမ်းလွမ်းနေခဲ့တာ”တဲ့။ သူ့လက်ကိုဆွဲထားရမလား။ ဆွဲလို့ရောရပါဦးမလား။ စ‌ဉ်းစားရင်းနဲ့ပဲ သူပျောက်ကွယ်သွားသည်။ မေ့ယောင်၊ နေနိုင်ယောင် ဟန်ဆောင်နေပေမဲ့ တိုင်ခြောက်လုံးရှေ့တော့ နေ့တိုင်းရောက်ခဲ့သည်။ တစ်ခါလောက်များ ထပ်တွေ့ရရင် ဖက်ပွေ့လိုက်မယ် စိတ်ကူးထားခဲ့သည်။ အခုတော့ လက်ကလေးဆွဲထားရန်ကိုပင် စဉ်းစားနေပြန်ပြီ။
ဒီနေ့ ကျောင်းပိတ်သဖြင့် မနက်စောစောကတည်းက ခုံတန်းဆီသွားဖြစ်သည်။ ဆုတောင်းထားသည့်အတိုင်း သူစောင့်နေ၏။ ကျွန်တော့်အကျင့်ကိုမ‌မေ့။ ကျောင်းပိတ်ရက်ဆို သူ့‌ဆီစောလာတတ်သည့်အကျင့်။ ခြေလှမ်းများလေးလံလာသော်လည်း သူ့နားသို့ရောက်အောင်သွား၊ သူ့ဘေးသို့ကပ်အောင် ထိုင်လိုက်သည်။ သူကကျွန်တော့်ကိုမကြည့်ဘဲ စကားစ‌ပြောသည်။
“ကိုမိုး ဒီကိုနေ့တိုင်းလာတယ်ဆို။ ဘာလို့လဲ။ အဲ့လောက်တောင် လွမ်းနေမယ်ဆို အစကတည်းက မနှင်နဲ့လေ။ မဟုတ်လည်း ဆုတောင်းပြီး ခေါ်ပါလားလို့။”
သူကတော့ အမြဲလိုပြုံးပြုံးလေး။ အကြည်ဓာတ်ကလေး။
“ယဉ်က ဆုတောင်းနည်းမပြောခဲ့ဘူးလေ။”
“ကိုမိုး မှတ်မထားလို့ပါ။”
“ယဉ်…တစ်ချိန်လုံး ဒီမှာရှိနေခဲ့တာလား။” ကျွန်တော့်ကိုကြည့်နေသည့် မျက်လုံးလေးများ အဝေးကိုလွှဲသွားသည်။
“မဟုတ်ပါဘူး…အဲဒီ‌နေ့ညကတည်းက ကျောက်ဆည်တက္ကသိုလ်ကို ပြောင်းလိုက်ရတာ။ မနေ့ကမှ မန္တလေးတက္ကသိုလ်ထဲပြန်ရောက်တာ။”
“ဪ…”
“ယဉ်‌…”
“အင်း…”
“ဒီမှာပဲ နေရတော့မှာလား။ ကိုယ် လာတွေ့လို့ရမလား။ စိတ်ဆိုးနေတုန်းပဲလား။”
သူက ကြားနိုင်ရုံ အသံတိုးတိုးလေးနဲ့ပြန်ပြောသည်။
“မိုးကို ယဉ်က ဘယ်လိုလုပ်စိတ်ဆိုးနိုင်မှာလဲလို့။”
လွန်ခဲ့သောခုနစ်နှစ်ခန့်က…
သိပ်လှတဲ့ မိန်းကလေးတစ်ယောက်။ ဆံပင်က ခါးထိအောင် နက်မှောင်ဖြောင့်စင်းနေပြီး အဖြူရောင်ငှက်မွှေးကလစ်ကို လျော့လျော့လေးတွယ်ထားတာ။ နေရောင်ကြောင့်လား၊ ဂါဝန်ဖြူဖြူလေးမှာ ရွှေရောင်ပန်းခတ်သေးသေးလေးတွေကြောင့်လား၊ သူကိုကပဲလား အရောင်အဝါတွေတောက်ပလို့။ အံ့ဩမှင်သက်လွန်းလို့ ငေးနေမိပြီးမှ သူထိုင်နေသည့် ခုံတန်းလေးဆီလျှောက်သွားလိုက်သည်။ သူ့အနားနီးကပ်လာတာနှင့်အမျှ နှင်းဆီပန်းခင်းထဲလျှောက်လှမ်းရသလို ခံစားလာရသည်။ တစ်ဖက်စွန်းမှာ အသာလေးဝင်ထိုင်လိုက်တော့ ဟိုဖက်ကိုတိုးသွားသည်။ မသိမသာလေး သူ့ကိုခိုးကြည့်မိတော့…။ ဝင်းလဲ့နေသော အညိုရောင်မျက်လုံး၊ နက်မှောင်နေတဲ့ မျက်တောင်ရှည်များ၊ ပန်းရောင်သန်းနေတဲ့ပါးအိအိလေး။ တစ်ကျောင်းလုံး သူ့လောက်လှတဲ့သူ ရှိနိုင်မယ်မထင်။ သတ္တိကိုမွေးလိုက်ပြီး စကားစလိုက်သည်။
“အစ်ကိုက ပထဝီဒုတိယနှစ်က မိုးအေးပါ။ ညီမလေးက ဘယ်မေဂျာကလဲ။” ကျွန်တော့်ကိုအဖက်တောင်မလုပ်။ ကျွန်တော်ကလည်းဘယ်ရမလဲ။ အဖက်လုပ်တဲ့ထိပြောရတော့မှာပေါ့။
“ဒီမှာ အမျိုးသမီးလေး… နာမည်ဘယ်လိုခေါ်လဲလို့။” မျက်တောင်ရှည်ကြီးများကို ပင့်လိုက်ပြီး ကျွန်တော့်ကို သူကြည့်သည်။ ကျွန်တော့်နှလုံးသားလေး စည်းချက်မမှန်တော့။
“ယဉ့်ကိုမြင်ရတာလား။ လူသားကလေ…။” မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်ရင်း နှုတ်ခမ်းဖျားကနေ ရေရွတ်လိုက်တဲ့ ပျားရည်လိုချိုရှရှအသံလေး။
Pan Thitsar

@Thitsar

Following0
Followers5


You may also like

Leave a Reply